Thursday, November 24, 2011

မိဘကျေးဇူး ကျေအောင်ဆပ်နည်း

မိဘကျေးဇူး ကျေအောင်ဆပ်နည်း

                           အား အရှင်အရိယ ရေးသားပါသည်



... မြန်မာ့လူ့ဘောင်၌ သဘင်သည်တို့ အလွန်အကျူးဆိုထား၍ အမှတ်မှား/ အသိမှားနေသောအယူဆတစ်ခုမှာ အမေ့နို့ဖိုး ကျေအောင်ဆပ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ အဘိဓမ္မာတရားဟော၍ အမိကျေးဇူးဆပ်ခဲ့သည့် ဘုရားရှင်တောင် မိခင်နို့ဖိုး တစ်လုံးဖိုးတောင် မကျေခဲ့ဘူး။ ဒါကြောင့် မိခင်နို့ဖိုး ကျေအောင်ဆပ်ဖို့ဆိုတာမဖြစ်နိုင်သည့်အတွက် ဆပ်နေလည်း မောရုံရှိမယ်ဟု အထင်ရောက်စရာရှိပါသည်။

မိဘကျေးဇူးကျေအောင်ဆပ်လိုသူတို့သည် စားဝတ်နေရေးစသည့် ပစ္စက္ခအခြေနေလိုအပ်ချက်ကို ဖြည့်ဆီးပေးရုံမျှဖြင့် ကျေနပ်မနေဘဲ အပစ္စက္ခသံသရာခရီးရဲ့လိုအပ်ချက်တွေကိုပါ ပြည့်အောင် ဖြည့်စွမ်းပေးဖို့လိုအပ်ပါတယ်။

ရှေးစာဆို ဆရာတော်များရဲ့အဆုံးအမကို မျှဝေလိုပါတယ်။

မိကို ညာက၊ ဖကို လက်ဝဲ၊ ကိုင်စွဲချီလျက်၊ ပုခုံးထက်ဝယ်၊ အသက်ဆုံးအောင်၊ မြတ်နိုးဆောင်၍၊ အခေါင်အဖျား၊ လုပ်ကျွေးငြားလည်း၊ မွေးဖွားပိုက်ကျူး၊ ရှေးတင်ဖူးသည့်၊ ကျေးဇူးလှယ်ပြိုင်၊ မဆပ်နိုင်ခဲ့။ ( ရှင်မဟာရဋ္ဌသာရ)



သက်ကြီးမိဘ၊ ဆရာစသား၊ စိုးရသခင်၊ ကျေးဇူးရှင်တို့၊ ပြစ်တင်မောင်းမဲ၊ ရိုက်ပုတ်ဆဲလည်း၊ ၀မ်းထဲယုံ့ယုံ့၊ ယုန်လျင်ကျုံ့သို့၊ ဆိုတုံ့မ၀ံ့၊ စောင်မာန်ညံ့လျက်၊ ကြောက်ရွံ့ရိုသေ၊ သည်းခံထွေဖြင့်၊ ကောင်းထွေနှလုံး တည်စေမင်း။ (လောကသာရပျို့)



မိဘကျေးဇူး၊ ကျွေးအထူးကို၊ ကြည်နူးတုံ့ကာ၊ ဆပ်လိုပါမူ၊ သဒ္ဓါကင်းပ၊ သီလမဖြူ၊ အလှူမပေး၊ ကင်းဝေးသုတ၊ မိနှင့်ဘကို၊ ဖျောင်းဖျချိုသာ၊ စေတနာနှင့်၊ သဒ္ဓါစသား၊ မြတ်တရားနှင့်၊ စုံငြားလေအောင်၊ ကြိုးစားဆောင်က၊ မြားမြောင်ထွေထွေ၊ ကျေးဇူးကျေမည်၊ ဆပ်လေသူတော် လမ်းစဉ်တည်း။ (စံကျောင်းဆရာတော်)



နားဝယ်စိမ့်ငှါ၊ ငါဆရာလျှင်၊ မာတာပိတ၊ ဂုဏ်ကိုပြ၍၊ ပုတ္တတို့အား၊ ဆပ်ငြားပိုင်ကြောင်း၊ ဖော်ပြရှောင်း၍၊ မကောင်းမိဘ၊ ဓမ္မမတည်၊ မကြည်မညို၊ ၀န်တို မိစ္ဆာ၊ ပါဏာတိပါတ်၊ သတ်ခတ်လုယူ၊ မဖြူနှလုံး၊ မသုံးသီလ၊ ဒါနမပွား၊ မသွားကျောင်းကန်၊ ဟုတ်လှမှန်သား၊ မိဘအားကို၊ တရားစောင့်စောင့်၊ တော်ဖြောင့်လှစွာ၊ မိစ္ဆာမဖောက်၊ မသောက်သေစာ၊ ပါဏာသူ့သတ်၊ ခိုးဝှက်ယူမှု၊ ဤငါးခုကို၊ မပြုနှင့်ဗျာ၊ လှူဒါမပြတ်၊ ပိဏ္ဍပါတ်လည်း၊ မလတ်နေ့တိုင်း၊ မရိုင်းကျောင်းကန်၊ အမှန်သွားသွား၊ တရားနာနာ၊ ရတနာသုံးဦး၊ မပြတ်ဖူး၍၊ ကြည်နူးလှစေ၊ ညောင်ရေလည်းသွန်း၊ ဆီမီးထွန်းလျက်၊ ဆွမ်းကွမ်းလက်ဖက်၊ ရေစက်ချချ၊ လှူဒါနနှင့်၊ သီလဥပုသ်၊ ကိုယ်နှုတ်နှလုံး၊ စောင့်သုံးပါဗျာ၊ မိမာတာကို၊ ဤသို့ဆိုတတ်၊ တို့သားမြတ်ကို၊ ဆပ်ဆပ်ကျေးဇူးမိုး၏တည်း။ (အတုလအကျော် ခင်ကြီးဖျော်၊ ပုတ္တောဝါဒ)



သေလွန်ပြီးနောက် ကာလရောက်မှ ကောင်းမှုကုသိုလ်လုပ်၍အမျှပေးဝေခြင်းသည် အမှောင်ထဲ ရမ်းပစ်သလို ပစ်မှတ်ကို ထိမှန်ချင်မှ ထိမှန်ပါလိမ့်မည်။ အသေချာဆုံးက ရှင်သန်စဉ်ကာလမှာ ပြုစုလုပ်ကျွေး မွေးမြူရမည်၊ ကုသိုလ်ပြုခွင့်မသာသော မိဘတို့အား ကုသိုလ်ပြုဖို့ အခွင့်အလမ်းတွေကို ဖန်တီးပေးရမည်ဖြစ်သည်။

သုခိတာ ဟောထ၊ ဒုက္ခာ မုစ္စထ- ဆင်းရဲလွန်မြောက် ချမ်းသာခြင်းသို့ရောက်ကြပါစေ။

No comments:

Post a Comment