Wednesday, September 7, 2011

ဆရာတော် ဒေါက်တာပါရမီအတွေး ၊ ဒေါက်တာပါရမီအရေး .

။ ပူပင်စရာအတွေးတွေ ၀င်လာရင် စိတ်ရှုပ်လွန်းတယ်။ မတွေးမိအောင် ကြိုးစားကြည့်လိုက်။ ဘယ်လောက်အေးချမ်းလဲ။ စိတ်ရှုပ်စရာဆိုတာကတော့ အနဲနဲ့ အများရှိနေကြတာပဲ။ အရှုပ်ထဲမှာ ရှင်းအောင်နေနိုင်ဖို့သာ အရေးကြီးတယ်။

၂။ ကိုယ်ချင်းလဲစာ၊ အကြင်နာလဲရှိတာကို စာနာတတ်တယ်လို့ ဆိုတာထင်တယ်။ ဒီအသိလေးနဲ့ ဒီသဘောတရားလေးအခြေခံလိုက်ရင် တစ်ယောက်အပေါ်တစ်ယောက် နားလည်ခွင့်လွှတ်နိုင်တာ အမှန်ပဲ။

၃။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အသက်ရှင်နေရတဲ့ဘ၀ကို ရအောင်ယူ၊ ပူပင်စရာမှန်သမျှ ခ၀ါချ၊ သောက ကင်းစင် စိတ်ကြည်လင်

၎။ တရားသဘောနဲ့ အများသဘောက တစ်ခြားစီပဲ။

၅။ တရားအပေါ်မှာ မြတ်နိုးယုံကြည်လိုက်ပါ။ ယုံကြည်တဲ့အတိုင်း ရှောင်သင့်တာရှောင် လိုက်နာသင့်တာလေးတွေ လိုက်နာလိုက်ပါ။ တရားဟာ အားကိုးရာအစစ် ဖြစ်လာပါတယ်။ ကိုယ်စောင့်တဲ့တရားက ကိုယ့်ဘ၀ရဲ့ ခွန်အားပဲ။ ကိုယ့်နောက်မှာ ဘယ်သူမှမရှိချင်နေ၊ တရားရှိနေတယ်ဆိုတဲ့ယုံကြည်ချက်နဲ့ သတ္တိလဲ ကောင်းလာတယ်။

၆။ မင်္ဂလာနံနက်ခင်းပါ။ မင်္ဂလာရှိချင်ရင် မင်္ဂလာမရှိတာတွေ ရှောင်လိုက်ပါ။ မင်္ဂလာဆိုတာ ကုသိုလ်တရားပဲ။ အကုသိုလ်ရှောင်လိုက်ရင် မင်္ဂလာရှိမှရှိ။ မင်္ဂလာရှိမှ ကျက်သရေ ရှိမယ်။ ကျက်သရေရှိမှ တင့်တယ်မယ်။

၇။ လွယ်နေတာကို ခက်အောင်လုပ်တတ်ကြသည်။ အဆင်ပြေနေတာကို မပြေအောင်လုပ်တတ်ကြသည်။ ချမ်းသာနေတာကို ဆင်းရဲအောင်လုပ်တတ်ကြသည်။ ကောင်းနေတဲ့စိတ်တွေ ပျက်အောင်လုပ်တတ်ကြသည်။

၈။ အကောင်းပြောတိုင်းလဲ အပြောကောင်းချင်မှ ကောင်းမယ်။ အပြောကောင်းတိုင်းလဲ အကောင်းပြောဟုတ်ချင်မှဟုတ်မယ်။ (စဉ်းစားတတ်ဖို့ပါ)

၉။ ကံအကျိုးပေး ဘယ်လောက် ဆိုးနေပါစေ၊ ကောင်းတဲ့ကံသာ လုပ်နေပါ။ အကျိုးပေးလဲ ကောင်းလာမှာပါပဲ။ ကံဆိုးကြုံနေရလို့သာ လက်မှိုင်ချနေမယ်ဆိုရင် အရှုံးထဲက အမြတ်ဘယ်ထွက်ပါ့မလဲလေ။

၁၀။ လူတစ်ယောက်မှာ အားနဲချက်လဲ ရှိတယ်။ အားသာချက်လဲ ရှိတယ်။ အားနဲချက်ကိုသာ ကြည့်နေမယ်ဆိုရင် အပေါင်းအသင်းလုပ်ချင်စရာ မရှိဘူး။ အားသာချက်ကိုချည်း ကြည့်နေမယ်ဆိုရင်လဲ အကောင်းမြင်လွန်းသွားမယ်။ နှစ်မျိုးလုံးကို မျှမျှတတ ကြည့်တတ်အောင် ကြိုးစားရတယ်။ အားနဲချက်ကို သည်းခံ၊ အားသာချက်ကို လက်ခံ။ ဒီလို ကျင့်သုံးသွားရင် မပေါင်းသင်းချင်စရာလူဆိုတာ မရှိတော့ဘူး။

၁၁။ လောဘရဲ့နယ်၊ ကြီးလေကျယ်၊ ပယ်လယ်ပြင်ကရှုံးရသည်။

 ၁၂။ သူပြောမှ ပြီးရတဲ့ သူမဖြစ်ပါစေနဲ့။ ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်တဲ့ သူဖြစ်ပါစေ။

၁၃။ အရိယာတွေ ရဟန္တာတွေ ဘုရားရှင် ပစ္စေကဗုဒ္ဓါအရှင်မြတ်ကြီးတွေ ထားတော်မူတဲ့ စိတ်ထားမျိုးကို ပုထုဇဉ်တွေ လိုက်နာနိုင်အောင် ပြောပြနေမယ်ဆိုရင်တော့ ပိုလွန်းနေပါလိမ့်မယ်။ ပုထုဇဉ်မှာ ပုထုဇဉ်စိတ်ပဲ ပေါ်တယ်။ အရိယာစိတ် ပေါ်ကိုမပေါ်ဘူး။ အရိယာဖြစ်မှ အရိယာစိတ်ပေါ်မှာကိုး။ ဒီ concept လွတ်နေတော့ အရိယာတွေရဲ့ စိတ်ကို ပုထုဇဉ်ထဲ ရိုက်သွင်း၊ ဟိုက နားထောင်ရုံပဲ ထောင်နိုင်တယ်၊ ပြီးတော့ ဒုံရင်းဒုံရင်းပဲ ပြန်ဆိုက်တယ်။

၁၄။ အမှန်မြင်နိုင်ရင် အမြင်မှန်လာမယ်။ အမြင်မှန်လာပြီဆိုရင် အမူအကျင့်တွေလဲ မှန်လာမှာပါ။ အမှန်မြင်တာက အရှိအတိုင်း ပကတိအတိုင်း မြင်တာပါပဲ။ မြင်လိုက်ရတဲ့အတိုင်း သိလိုက်ရတဲ့အတိုင်း အမှားဘက်ကို လက်မခံဘဲ အမှန်ဘက်ကသာ ရပ်တည်ပြီး ခံယူကျင့်သုံးမယ်ဆိုရင် အမြင်မှန်ဖြစ်လာပါတယ်။

၁၅။ အမှန်သိရာမှ အသိမှန်ဖြစ်အောင်လုပ်နေရတယ်။ အသိမှန်လာရင် မမှန်တာတွေ ရှောင်ရှားနိုင်လာမယ်။

၁၆။ တရားနဲ့ ဖြေနိုင်ဖို့အတွက်လောက်ပဲ တရားနဲ့နေနိုင်အောင် ကြိုးစားလိုက်မယ်ဆိုရင်တောင် တရားတန်ဖိုးကို တကယ်နားလည်သဘောပေါက်လာနိုင်ပါတယ်။

၁၇။ နောက်ဆုတ်နောက်ဆုတ်လုပ်နေရင် နောက်ရောက်သွားမယ်။ ရှေ့ရောက်ချင်ရင် ဘယ်တော့မှ နောက်မဆုတ်နဲ့။ (ကောင်းမွန်မြင့်မြတ်တဲ့အလုပ်ကိုပြောတာ)။

၁၈။ သူတော်ကောင်းအရိပ်ခိုလိုက်ရတဲ့အချိန်လေးဟာ အလွန်တရာမှ အေးချမ်းလှပါတယ်။ သူတော်ကောင်းတွေရဲ့ စကားကလဲ အေးငြိမ်းစေသကဲ့သို့ သူတို့ရဲ့ အပြုအမူတွေကလဲ အေးငြိမ်းစေတာပါပဲ။ သူတော်ကောင်းနဲ့တွေ့လို့ စိတ်ဆင်းရဲသွားတယ်ဆိုတာ မရှိဘူး။ အအေးဓာတ်တွေ ကူးစက်လာသလို ခံစားရတယ်။

၁၉။ အပါယ်ကျမှာကြောက်လို့ သီလစောင့်တာလား၊ သီလကို ချစ်မြတ်နိုးလို့ သီလစောင့်တာလား။ အပါယ်ကျမှာကြောက်လို့ သီလစောင့်တာဆိုရင် သီလကို ချစ်မြတ်နိုးတာမဟုတ်သေးဘူး။ သီလကို မြတ်နိုးလို့စောင့်တာဆိုရင် အပါယ်လဲ မရောက်တော့ဘူး။ (စဉ်းစားမိသရွေ့ပါ)

 ၂၀။ အမှားတွေကို အမှန်ထင်ပြီး ရဲရဲရင့်ရင့် ပြောတတ်ဆိုတတ်အောင် လူတွေကို ပုံသွင်းထားလိုက်တာ ပိပိရိရိပဲ။ သူတို့ဘက်က မှားတယ်ဆိုတာ ဘယ်တော့မှမရှိဘူးဆိုတဲ့ ပုံစံနဲ့လေ။ မှန်တာကလဲ ဘာတစ်ခုမှမရှိဘဲနဲ့။ ဒီလိုလူတွေ တွေ့ကြဘူးမှာပါ။ ဒါကြောင့် မမှန်တာတွေ မှန်နေတဲ့ခေတ်ကြီးမှာ အမှန်တွေ မှားနေကြလေရဲ့။

၂၁။ ပညာယူတတ်သူအတွက် ပြဿနာတစ်ခုခုတက်တိုင်း ပညာတစ်ခုခုရတယ်။ ပြဿနာတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ရလေ စိတ်ဓာတ်တွေ ရင့်ကျက်လာလေသာ ဖြစ်တယ်။ ပြဿနာတွေကို အကောင်းဆုံးနည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားရင်းနဲ့ စိတ်စွမ်းအားတွေ မြင့်မားလာတယ်။

၂၂။ တရားအားထုတ်ပြီး တရားလဲ ကိန်းဖို့လိုပါတယ်။

၂၃။ အတူမြင်ပေမယ့် အမြင်မတူနိုင်ပါ။

၂၄။ ကိုယ်ဆင်းရဲတာထက် စိတ်ဆင်းရဲတာက ပိုဆိုးတယ်။ စိတ်ဒဏ်ရာအနာတရဖြစ်လာရင် တော်တော် အကုရခက်တယ်။ ကိုယ်ဆင်းရတော့ ကာယိကဒုက္ခ၊ စိတ်ဆင်းရဲတော့ စေတသိကဒုက္ခ။ ဒုက္ခတွေချည်းပဲပေါ့။ စိတ်ဆင်းရဲလာရင် စိတ်ထွက်ပေါက်ရှာတဲ့အနေနဲ့ ထင်ရာမြင်ရာတွေ လုပ်တတ်ကြတယ်။ အမှားတွေ ထပ်လာတတ်တယ်။

၂၅။ အရှိတရားကိုသိရင် အသိတရားတွေ ရှိလာတယ်။

၂၆။ ၀ဋ်ဆိုတာ ဒီဘ၀မှာတင် ပြန်လည်တတ်တယ်။ ကိုယ်က သူများအပေါ် အနိုင်ကျင့်ထားရင် ကိုယ့်လဲ အနိုင်ကျင့်သူ ပေါ်လာတာပဲ။ ကိုယ်က သူများအပေါ် လူလည်ကျထားရင် ကိုယ့်အပေါ်လဲ လူလည်ကျသူ ပေါ်လာတာပဲ။ ကိုယ်က သူများကို ဒုက္ခရောက်အောင် စိတ်ဆင်းရဲအောင် လုပ်ထားရင် ကိုယ့်လဲ ပြန်လုပ်တဲ့သူ ပေါ်လာတာပဲ။ ကိုယ်က မိဘတွေကို မထေရ်မဲ့မြင် ပြုခဲ့ရင် ကိုယ့်သားသမီးတွေကလဲ ကိုယ့်အပေါ် အဲလို ပြန်ပြုလာတာ။ ဝေးဝေး မရှာပါနဲ့၊ ကိုယ့်နားနီးရာ လိုက်ကြည့်လိုက်ရင် တွေ့ရမှာပါ။

၂၇။ စိတ်ညစ်ရင် အာရုံနောက်မလိုက်နဲ့။ ညစ်တဲ့စိတ်လိုက်ကြည့်။ အာရုံဆိုတာ စိတ်ညစ်စရာတွေကို ပြောတာ။ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့် ဘာကြောင့် ညာကြောင့်ဆိုတာတွေပေါ့။ အဲဒါတွေနောက်လိုက်လေ ပိုစိတ်ညစ်လေပဲ။ ကိုယ့်သန္တာန်မှာ ညစ်တဲ့စိတ်လေး လိုက်ကြည့်နေလိုက်တော့ အာရုံပျောက်သွားတယ်။ စိတ်ပြန်ကြည်လာတယ်။

 ၂၈။ စိတ်ကောင်းထားရုံလေးနဲ့ နိဗ္ဗာန်မရောက်ဘူးလို့ ပြောကြတယ်၊ ဟုတ်ပါတယ်။ မဂ်ဉာဏ်ရမှ နိဗ္ဗာန်ရမှာလေ။ ဒါပေမယ့် စိတ်ကောင်းလေးမှ မရှိရင်လဲ နိဗ္ဗာန်မရောက်ဘူးလို့တော့ နားလည်စေချင်တယ်။ စိတ်ကောင်းမရှိသူတွေ နိဗ္ဗာန်ရောက်တယ်ဆိုရင် နိဗ္ဗာန်က အဓိပ္ပါယ်မဲ့သွားမှာပေါ့။

၂၉။ စဉ်းစားပါ၊ တွေးတောပါ၊ စဉ်းစားတွေးခေါ်သမျှ ကောက်ချက်ချပါ၊ အဖြေထုတ်ပါ။ မေ့မှာစိုးရင် မှတ်စုစာအုပ်မှာရေးပါ။ ပြီးရင် အကောင်အထည်ဖော်ပါ။ ဒါဟာ ဘ၀ရဲ့ အောင်မြင်မှု သော့ချက်ပါပဲ။

၃၀။ ကုသိုလ်က အဆန်လမ်း၊ အားစိုက်လှော်ခတ်နေမှ ဆန်တက်၏။ အကုသိုလ်က အစုန်လမ်း၊ အထူးလှော်ခတ်နေစရာမလို၊ အလိုလိုစုံဆင်း၏။

မှတ်ချက်။   ။ လင့်တစ်ခုမှ ပြန်လည် မျှဝေခြင်းဖြစ်ပါကြောင်း ၀န်ခံပါရစေ။
                ကျွန်တော်၏ မိတ်ဆွေ၊ ရောင်းရင်းများကို သိရှိ၊ ဆင်ခြင် နာယူ 
                နိုင်ရန် အတွက် ပြန်လည် မျှဝေလိုက်ရခြင်းပါ။ 
                                                                    ကိုမျိုး                    

No comments:

Post a Comment