လေထန်တိုင်းသာ၊ ပွင့်ကြွေပါမူ
ဘယ်မှာပန်းများ၊
ကျန်မည်နည်း။
လှိုင်းပုတ်တိုင်းသာ၊ ကမ်းပြိုပါမူ
ဘယ်မှာမြေကြီး၊
ကျန်မည်နည်း။
ကျရှုံးတိုင်းသာ၊ ငိုရပါမူ
ဘယ်မှာမျက်ရည်၊
ကျန်မည်နည်း။
အမှောင်တစ်ဝက်၊ လင်းတစ်ဝက်သည်
တစ်ရက်တစ်ခါ၊
ကြုံမြဲသာတည့်။
အရှုံးတစ်လှည့်၊ နိုင်တစ်လှည့်မှာ
မျက်ရည်ပမာ၊
တွေ့မြဲသာတည့်။
ဘဝဟူသည်ကား၊ တိုက်ပွဲများပင်
လှုပ်ရှားရသော၊
လူ့ရွာတောဝယ်
လင်းသောမှောင်သော၊ အောင်သောရှုံးသော
မုန်းသောချစ်သော၊
သစ်သောဟောင်းသော
ပူသောအေးသော၊ နုသောကြမ်းသော
စောကြောစိတ်ဖြာ၊
မနေသာပေ
လဲရာကထ၊ ကျရာကတက်
ပျက်ရာကဆောက်၊ ရှေ့သို့လျှောက်၍
ရောက်ရာဘဝ၊
အားမာန်ပြရင်း
ရုန်းရကန်ရမည်တကား။
***********
No comments:
Post a Comment