Tuesday, December 27, 2011

" မေတ္တာ သာရဏီယတရား " ( မေတ္တာ သုံးမျိုး )

                                                     

   သတ္တဝါတို့ရဲ့ ကောင်းကျိုးချမ်းသာကို လိုလားတဲ့ မေတ္တာစိတ်ဟာ စိတ်ထဲတင်ဖြစ်ပေါ်နေရုံမျှနဲ့ မပြီးသေးပါဘူး။ နှုတ်ပြော ( ဝစီကံ ) နှင့် ကိုယ်အပြုအမူ ( ကာယကံ ) တို့မှာပါ ယှဉ်တွဲ လျက်ပါနေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် မေတ္တာကို ကာယကံမေတ္တာ ၊ ဝစီကံမေတ္တာ ၊ မနောကံမေတ္တာလို့ သုံးမျိုးခွဲခြားပြီး မှတ်သားရပါတယ်။


ကာယကံမေတ္တာ


ကာယကံမေတ္တာ ဆိုတာ တစုံတရာကိုပြုလုပ်တဲ့အခါမှာ မိမိက သတ္တဝါတွေကို ချမ်းသာစေလိုတဲ့မေတ္တာစိတ် ရှိတဲ့ အတွက် သတ္တဝါတစ်ဦးဦးကို ထိပါးနစ်နာစေတဲ့ အလုပ်ကို မလုပ်ဘူး။ သတ္တဝါတွေ ချမ်းသာစေ ၊ အကျိုးများစေမည့် အလုပ်ကိုသာလုပ်တယ်။ အဲဒါ ကာယကံမေတ္တာပဲ။



ဝစီကံမေတ္တာ


တစုံတရာကိုပြောဆိုတဲ့ အခါမှာလည်း မိမိက သတ္တဝါတွေကို ချမ်းသာစေလိုတဲ့ မေတ္တာစိတ်ရှိတဲ့ အတွက် သတ္တဝါတဦးဦးကို ထိပါးနစ်နာစေတဲ့ စကားကို မပြောဘူး။ သတ္တဝါတွေ ချမ်းသာစေ ၊ အကျိုးများစေမည့် စကားကိုသာပြောတယ်။ အဲဒါ ဝစီကံမေတ္တာပဲ။



မနောကံမေတ္တာ


တစုံတရာကို စဉ်းစားကြံတွေးတဲ့အခါမှာလည်း မိမိက သတ္တဝါတွေကို ချမ်းသာစေလိုတဲ့ မေတ္တာစိတ် ရှိတဲ့ အတွက် သတ္တဝါတဦးဦးကိုထိပါး နစ်နာစေတဲ့ အကြံအတွေးကို မကြံတွေးဘူး။ သတ္တဝါတွေ ချမ်းသာစေ ၊ အကျိုးများစေမည့် အကြံအတွေးကိုသာ ကြံတွေးတယ်။ အဲဒါ မနောကံမေတ္တာပဲ။


မိမိသန္တာန်မှာ မေတ္တာစိတ် အမှန်တကယ်ရှိနေရင် ကာယကံမေတ္တာ ၊ ဝစီကံမေတ္တာတွေလည်း ရှိတော့တာပါပဲ။


(ချမ်းမြေ့ဆရာတော်)



 " မေတ္တာ သာရဏီယတရား "


      ကာယကံ မေတ္တာ


မေတ္တာနှင့်ယှဉ်၊ ပြုမူလျှင် ၊အစဉ်အောက်မေ့ဖွယ်။ သူ့ဂုဏ်ကျေးဇူး ၊ မမေ့ဘူး ၊ အထူးအောက်မေ့တယ်။

အများချစ်ခင် ၊ ရိုသေချင် ၊ ခင်မင်လေးစားတယ်။

စိတ်ဝမ်းမကွဲ ၊ တသွေးထဲ ၊ ညီလည်းညီညွတ်တယ်။ ညီညွတ်သူဆောင် ၊ ဆောင်တိုင်းအောင် ၊ လူ့ဘောင်ငြိမ်းချမ်းတယ်။


      ဝစီကံ မေတ္တာ


မေတ္တာနှင့်ယှဉ်၊ ပြောဆိုလျှင် ၊အစဉ်အောက်မေ့ဖွယ်။

ချိုသာစကား ၊ ကျိုးလိုလား၊ ကြားရချမ်းသာတယ်။ သူ့ဂုဏ်ကျေးဇူး ၊ မမေ့ဘူး ၊ အထူးအောက်မေ့တယ်။

အများချစ်ခင် ၊ ရိုသေချင် ၊ ခင်မင်လေးစားတယ်။

စိတ်ဝမ်းမကွဲ ၊ တသွေးထဲ ၊၊ ညီလည်းညီညွတ်တယ်။ ညီညွတ်သူဆောင် ၊ ဆောင်တိုင်းအောင် ၊လူ့ဘောင်ငြိမ်းချမ်းတယ်။


      မနောကံ မေတ္တာ


မေတ္တာနှင့်ယှဉ်၊ စိတ်ထားလျှင် ၊ အစဉ်အောက်မေ့ဖွယ်။ သူ့ဂုဏ်ကျေးဇူး ၊ မမေ့ဘူး ၊ အထူးအောက်မေ့တယ်။

အများချစ်ခင် ၊ ရိုသေချင် ၊ ခင်မင်လေးစားတယ်။

စိတ်ဝမ်းမကွဲ ၊ တသွေးထဲ ၊ ညီလည်းညီညွတ်တယ်။ ညီညွတ်သူဆောင် ၊ ဆောင်တိုင်းအောင် ၊ လူ့ဘောင်ငြိမ်းချမ်းတယ်။



"သတ္တဝါမှန်သရွေ့ ၊ တရားတွေ့၊ ချမ်းမြေ့ သာယာရှိပါစေ။ "

 (ချမ်းမြေ့ဆရာတော်)

 မှတ်ချက်။   ။ (ချမ်းမြေ့ဆရာတော်ဘုရားကြီး ၏ . .  မေတ္တာစိတ်မြတ် အအေးဓါတ် တရားတော်  မှ ကူးယူ မျှဝေ ပူဇော်သည်။)                                  

ကိုမျိုး (မိုးညှင်း)

No comments:

Post a Comment