သားသမီးများအားလုံး၏ မေမေ..
သြော်.. မွေးသမိခင် မေမေ။ အမေ့ကျေးဇူးသည်ကား ဆပ်လို့ပင် မကုန်နိုင်၊ နိုင်းတုလို့ပင်မရနိုင်ပါပေ။ မိခင်တိုင်းသည် သားသမီးတို့အား ၉လလွယ် ၁၀လဖွား၊ မိမိအသက်နှင့်ပင် ရင်း၍ လူလားမြှောက်လာအောင် ကျွေးမွေးပြုစုလာခဲ့ကြပေသည်။ သို့သော်ငြားလည်း ပေးကားပေး၍
ဘာကိုမှ မျှော်လင့်ချက်မထား၊ သားသမီးတို့ကောင်းစားရေးကိုသာ မိမိအတွက် မငဲ့ကွက်ပဲ စောင့်ရှောက်လျက်သာတည်း။ "သားရွှေအိုး ထမ်းလာသည်ကိုသာ မြင်လိုသည့်" သူသည် မိခင်မှတပါး မည်သူရှိအံ့နည်း။ သားသမီးကြီးပွားတိုးတက်နေလျှင် မိခင်ဖြစ်သူမှာ မိမိအား သားသမီးများမှ မစောင်မှသည့်တိုင်အောင် ကြည်နှူးဝမ်းသာနေသည် မှာ ဧကန်မလွဲဖြစ်ပေတော့သည်။ "သားတို့ရုပ်ရည် သီတာမည်သား"တဲ့။ သားသမီးတို့ကောင်းစားသည်ကိုမြင်နေရရင်ဖြင့် ရတနာပီတိဂွန်းစည်ထိ ဆိုဘိ သကဲ့သို့ ထပ်တူ ခံစားနေသည့် မိခင်။
အော်..တစ်ရံရောတစ်ခါက ကျွန်တော့် အဖြစ်အပျက်လေးတစ်ခု.. မြစ်ကြီးနားဆိုသောမြို့လေးတွင်
မေမေနှင့်ကျွန်တော် ဆိုင်ကယ်ကိုစီးပြီး တစ်နေရာမှအပြန် မမျှော်လင့်ပဲ မတော်တဆဖြစ်လုနီး ကြုံခဲ့ရပါသည်။ ဆိုင်ကယ်ကိုမောင်းနှင်သည့်သူက ကျွန်တော်၊ နောက်မှ ထိုင်လိုက်သည့်အမေ။
သို့သော် အမေသည်သာ အနည်းငယ်ထိမိသွားခဲ့ရသည်။ သို့သော် ဖြစ်လျှင်ဖြစ်ခြင်း မေမေရဲ့ အာမေဒိတ်အသံက သူကိုယ်သူ သတိမရအားပဲ ကျွန်တော့်ကိုသာ သတိရလျက်"အော် သားရယ် ဘယ်နာသွားလဲ" တဲ့။ သြော်..မိခင်မေတ္တာသည်ကား သားသမီးများအပေါ် မည်သို့မျှနိုင်းယှဉ်လို့
မရနိုင်တော့ပါပေ..။ ကျွန်တော့်အတွက်သည်ကား ဘယ်တော့မှ မေ့မရနိုင်တော့သည့်
မွေးမိခင်၏မေတ္တာစေတနာများသာတည်း။
" အမှောင်ထုစိုးမိုးတဲ့ ညအမှောင်၊ ကြယ်ရောင်တွေ မလင်းလက်တဲ့၊
ညသန်းခေါင်၊ လမ်းပြပေးသူ လမ်းမီးလေး မေမေ။
ရုန်းကန်လှုပ်ရှားခဲ့ရတဲ့ ဘ၀အမှောင်၊ လောကဓံတရားတွေနဲ့ ဘ၀အမှောင်၊
လမ်းညွန်စောင့်ရှောက်ပေးသူ မေမေ။
မေမေကို သားရှိခိုးကန်တော့ပါသည်။
သားတို့ရဲ့အမေ၊ အားလုံးတို့ရဲ့အမေ..
မေမေ သက်တော်ရာကျော်ရှည်ပါစေ..။ လိုရာဟူသမျှပြည်စုံနိုင်ပါစေ"....။
လူတိုင်း လူတိုင်း..မိခင်၏ မေတ္တာတရားကို ကိုယ်တိုင်ကိုယ်ကျ သိမြင်တွေ့ကြုံကြဖူးမည်ဆိုသည်ကို ကျွန်တော်ယုံကြည်မိပါသည်...။ အားလုံး မိခင်၏ ကျေးဇူးကိုဆပ်နိုင်ကြပါစေ....
ကိုမျိုး (မိုးညှင်း)
ွ
No comments:
Post a Comment