Tuesday, October 2, 2012

ဗုဒသာသနာတော်ကို ကြည်ညိုသည်ဆိုရာဝယ် (ဓမ္မမေတ္တာဆိုဒ်မှ )

ဆရာကောင်းကို ရှာဖွေတတ်ပါစေဆိုတဲ့ ပိုစ့်မှာ အဇာတသတ်နဲ့ အင်္ဂုလိမာလတို့ရဲ့ ဆရာကြည်ညိုကိုးကွယ်မှု မှားတဲ့အတွက်ကြောင့် လမ်းလွဲလိုက်ပြီး မိုက်မဲခဲ့ရတဲ့ အကြောင်းကို ဖော်ပြထားပါတယ်။ ခုကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုး အများစုဟာလည်း ကြည်ညိုမှုတွေ လမ်းလွဲလိုက်ပြီး မှားနေကြတာကို အများအပြား တွေ့ရပါတယ်။ ဒါ့ကြောင့် ဒီအကြောင်းအရာလေးကို ရေးသားလိုက်ရတာပါ။ ဆရာတော် အရှင်ဇ၀န ဟောပြဆုံးမတဲ့ စကားတစ်ခွန်းကို ဖော်ပြပေးချင်ပါတယ်.. ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးဟာ လှူတာလည်း အများဆုံး.. ကိုးကွယ်မှုလည်း အမှန်ဆုံးဖြစ်တယ်.. ဒါပေမယ့် ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ ဆင်းရဲတာလည်း အများဆုံးဖြစ်နေတယ်.. ဒါဟာဘာလို့လည်း? ဘာလို့လည်းဆိုတော့ ဝေဖန်ပိုင်းခြားစီစစ်ပြီး ကိုးကွယ် ကြည်ညိုတတ်တဲ့ အသိဥာဏ်မရှိတဲ့ အတွက်ကြောင့်ပါပဲ တဲ့။ ဆရာတော်ဆုံးမပေးသွားက ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ ကြည်ညိုတတ်တဲ့ သဒ္ဓါတရားတော့ အင်မတန် ကောင်းကြပါတယ်.. ဒါပေမယ့် ဝေဖန်ပိုင်းခြားတတ်တဲ့ ပညာဥာဏ်ကျတော့ အင်မတန် နည်းပါးကြတဲ့အတွက် ဆင်းရဲရတယ်ဆိုတဲ့ အချက်ကို အဓိကထား ပြောသွားတာပါ။ ကြည်ညိုတာနဲ့ ပါတ်သတ်လို့ ကြည်ညိုမှု လေးမျိုးရှိပါတယ်။

ကြည်ညိုမှုလေးမျိုးကတော့ (၁) ရုပ်အဆင်း သပ္ပါယ်မှုကို ကြည်ညိုခြင်း (၂) အသံ၏ ကောင်းခြင်းကို ကြည်ညိုခြင်း (၃) ဆင်းရဲခေါင်းပါးတဲ့အကျင့် ကျင့်ခြင်းကို ကြည်ညိုခြင်း (၄) ဓမ္မကို ကြည်ညိုခြင်း ဆိုပြီးတော့ လေးမျိုးလေးစား ရှိပါတယ်။ ပထမဆုံး ရုပ်အဆင်းသပ္ပါယ်မှုကို ကြည်ညိုတဲ့ ရာခိုင်နှုန်းဟာ (၁၀၀)မှာ (၆၀) ရာခိုင်နှုန်း ရှိပါတယ်။ တစ်ချို့က ဒီဆရာတော်ကတော့ ဥပဓိရုပ် ကောင်းတယ်ဆိုပြီး မျက်နှာလေး မြင်ရရင် တော်ပါပြီ.. တရားမနာရလည်း အရေးမကြီးပါဘူးဆိုတဲ့ ကြည်ညိုမှုတွေပါ။ မှားယွင်းတဲ့ ကြည်ညိုမှုပေါ့။ ဘာကိုကြည်ညိုရမှန်း မသိပဲနဲ့.. ဥပဓိရုပ်ကောင်းတာ ရုပ်အဆင်းချောမောတာကို အဓိကထား ကြည်ညိုတာဟာ အလွဲကြည်ညိုတာပါ။ အဓိက ကြည်ညိုရမှာက ဆရာတော်ရဲ့ ဥပဓိရုပ်ကောင်းခြင်း မကောင်းခြင်းကို မဟုတ်ပါဘူး.. ဆရာတော်ဟောတဲ့ ဓမ္မကိုသာ အာရုံစိုက်ပြီး နာကြားမှတ်သား ကျင့်ကြံရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရုပ်အဆင်းကို အလွဲကြည်ညိုတတ်ကြပါတယ်။ ဒီအချက်က အလွဲကြည်ညိုတဲ့ တစ်မျိုးပေါ့။

နောက် တစ်ချက်ကတော့ အသံ၏ ကောင်းခြင်းကို ကြည်ညိုခြင်းပါ။ ရာခိုင်နှုန်းအားဖြင့် (၁၀၀) မှာ (၈၀) ရာခိုင်နှုန်းလောက် ကြည်ညိုတတ်ကြပါတယ်။တစ်ချို့က တရားနာတယ်ဆိုရင် ဇာတ်ဖွဲ့ ဇာတ်လမ်းလေးတွေကို အဓိကထား နာကြပါတယ်။ ဘယ်နေရာကတော့ ရယ်ရတယ်၊ ဘယ်နေရာကတော့ ဇာတ်လမ်း အကြောင်းလေး ပြောသွားတာ စိတ်ဝင်စားဖို့ ကောင်းတယ်ဆိုပြီး တရားထဲမှာပါတဲ့ ဓမ္မရဲ့ အနှစ်သာရကိုကျတော့ ဘာမှ မမှတ်မိကြပါဘူး။ သီချင်းလေးတွေ ဇာတ်လေးတွေကိုပဲ အဓိကထားပြီး မှတ်ကြပါတယ်။ ဓမ္မကျတော့ ဘယ်ဆီနေလို့နေမှန်း မသိကြပါဘူး။ အသံကြည်ညိုတာလေးသာ နားထောင်ပြီး တဟားဟားနဲ့သာ ပြီးသွားပါတယ်။ အသံလေးသာ နားထဲပါလာပြီး ဓမ္မပါမလာတဲ့ အလွဲကြည်ညိုမှုမျိုးပေါ့။

အဖြစ်အများဆုံးနဲ့ အမှားဆုံး အလွဲကြည်ညိုမှုကတော့ ခေါင်းပါးတဲ့အကျင့် ကျင့်ကြံခြင်းကို ကြည်ညိုခြင်းပါ။ ဒီအချက်မှာတော့ ရာခိုင်နှုန်းအားဖြင့် ၁၀၀ မှာ ၉၀ လောက်ရှိပါတယ်။ ဒီအချက်ကိုပဲ အဓိကထားပြီး လူလိမ်လူညာတွေက လိမ်စားနေကြတာပါ။ အထူးအဆန်းဆို စိတ်ဝင်စားတတ်တဲ့ မြန်မာလူမျိုးတွေကို ဒီအချက်က ဒုက္ခ အပေးဆုံးပါပဲ။ ကိုယ့်ကိုကိုယ် အားကိုးချင်တဲ့ စိတ်တွေပျောက်ပြီး အားကိုးမှားအောင် ဒီအချက်ကပဲ အများဆုံး လုပ်ဆောင်နေတာပါ။ ဘယ်ဆရာတော်ကတော့ တောထွက်ပြီး ဂူပိတ်ကျင့်တယ်၊ ဘယ်ဆရာတော်ကတော့ နေစားပြီး တရားကျင့်တယ်၊ ဘယ်ဆရာတော်ကတော့ အင်း၊ အိုင်၊ လက်ဖွဲ့၊ ယတြာတွေ အစွမ်းထက်တယ်၊ ဘယ်ဘိုးတော်ကတော့ တန်ခိုးအစွမ်းပြတယ်၊ ဘယ်နတ်ကတော်က မ လိုက်တဲ့အတွက် စီးပွားတိုးတက်တယ်ဆိုတဲ့ အချက်တွေဟာ အလွဲကြည်ညိုကြတာတွေပါ။ ပြောရမယ် ဆိုရင်တော့ အများကြီးပါပဲ။ ဒီအချက်တွေကြောင့်လည်း လူအများစု အလိမ်ခံရ၊ ကိုးကွယ်မှုတွေမှားရ၊ စီးပွားတွေပျက်ရတာ အများဆုံးဖြစ်တာပါ။ ကြည်ညိုမှုထဲမှာ အဆိုးဝါးဆုံး ကြည်ညိုမှုပါပဲ။ ဘုရားရှင်က တရားဦး ဓမ္မစင်္ကြာ တရားတော်မှာ အလယ်အလတ် လမ်းစဉ်ဖြစ်တဲ့ မဇ္ဈိမလမ်းစဉ် အကျင့်ကို ကျင့်ကြံအားထုတ်ဖို့ ဟောပြဆုံးမ သွားခဲ့တာပါ။ ခေါင်းပါးတဲ့အကျင့်၊ လူအထင်ကြီးမဲ့ အကျင့်တွေ ကျင့်ကြံပြီး တရားကျင့်ကြံပြီ ဆိုကတည်းက တရားကျင့်တယ်လို့ကို ပြောလို့မရပါဘူး။ ဘုရားရဲ့ တရားကိုပယ်ပြီး တရားလုပ်သမျိုးနဲ့ သာသနာကို တိုက်ရိုက် ပျက်စီးအောင် လုပ်နေတဲ့သူတွေလို့ ပြောရင် ပိုပြီးမှန်ပါတယ်။

အလွဲကြည်ညိုမှုတွေ ရှိသမျှကာလပါတ်လုံး ဘယ်လောက်ပဲ တရားတွေလုပ်လုပ် ဘယ်လောက်တရားတွေ ထိုင်ထိုင် ရနိုင်မှာ မဟုတ်ပါဘူး။ အဲ့လိုကြည်ညိုမှုလွဲနေပြီ ဆိုကတည်းက သူ့မှာ ကံနဲ့ ကံရဲ့ အကျိုးကို ယုံကြည်တဲ့ သမ္မာဒိဋ္ဌိ မရှိသေးဘူးဆိုတာ ပြောလို့ရပါတယ်။ အဲ့ဒီ့အချက်မှ မရှိသေးရင် ဘယ်လောက်တရား ရိပ်သာတွေဝင်ဝင် ဘယ်လောက်ကြီးပဲ တရားလုပ်လုပ် တရားမရနိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကိုမှ အသက်နဲ့ထပ်တူ မယုံကြည်သေးတဲ့အတွက် ဗုဒ္ဓဘာသာဝင်စစ်စစ်လို့ကို ပြောလို့ မရသေးပါဘူး။ ပြောလို့ရခဲ့ရင်လည်း မိရိုးဖလာ ဗုဒ္ဓဘာသာလို့ပဲ ဆိုရမှာပါ။ ဒီအချက်က အရမ်း အရေးကြီးပါတယ်။ ဒီအချက်ကြောင့်လည်း ဘုရားကိုပယ်.. ဘိုးတော်တွေ နတ်တွေ ၀ိဇ္ဇာတွေ မင်းကြီးတွေ မင်းလေးတွေ အိမ်ရောက်ပြီး မလုပ်သင့်တာတွေ လုပ်တဲ့အတွက်လည်း မဖြစ်သင့်တာတွေ ဖြစ်ကုန်တာပေါ့။

နောက်ဆုံးတစ်ချက်ကတော့ ဓမ္မစစ်စစ်ကို ကြည်ညိုခြင်းပါ။ ဒီအချက်ကတော့ ကြည်ညိုတဲ့နေရာမှာ ကြည်ညိုမှု အမှန်ဆုံးပေါ့။ ဓမ္မစေတီဆရာတော် ဟောပြဆုံးမတဲ့ စကားတစ်ခွန်း ရှိပါတယ်.. ကြည်ညိုမှု လေးမျိုးထဲမှ ဓမ္မစစ်စစ်ကို ကြည်ညိုတတ်တဲ့သူဟာ တစ်ထောင်မှာ တစ်ယောက်ရှာဖို့ မလွယ်ဘူးလို့ ဆိုပါတယ်။ ဒီလောက်ဆိုရင် ဓမ္မစစ်စစ်ကို ကြည်ညိုတဲ့သူ ဘယ်လောက် ရှားပါးတယ်ဆိုတာ စဉ်းစားလို့ ရလောက်ပါပြီ။ ဘယ်သူဟောတဲ့ တရားဖြစ်ဖြစ်၊ ဘယ်သူရေးတဲ့ တရားဖြစ်ဖြစ် ဓမ္မစစ်စစ်ကို နာကြားကြည်ညိုတတ်တဲ့သူ.. ဆရာစွဲမထား ဂိုဏ်စွဲမထား ရိပ်သာစွဲမထားဘဲနဲ့ ဓမ္မကိုဓမ္မအတိုင်း ကြည်ညိုတတ်တဲ့သူတွေဟာ အင်မတန် ရှားပါတယ်။ ဒါ့ကြောင့်လည်း ဘုရားရှင်က သတ္တ၀ါတွေ တစ်သိန်းသေလို့ သုဂတိ တစ်ယောက်ရောက်ဖို့ ခဲယဉ်းတယ်ဆိုပြီး ဟောကြားခဲ့တာကိုး။ ဒါ့ကြောင့် ကြည်ညိုမှု လေးမျိုးထဲမှာ ဓမ္မစစ်စစ်ကို ကြည်ညိုတတ်တဲ့သူ ဖြစ်အောင် ကြိုးစားပါလို့ တိုက်တွန်းလိုပါတယ်။ ဘယ်ဆရာတော်ဟောတာပဲဖြစ်ဖြစ် တရားသက်သက်ကိုပဲ နာကြားပါ။ ဘွဲ့ထူးတွေ ဂုဏ်ထူးတွေ ကျော်ဇောမူတွေ ဥပဓိရုပ်ကောင်းတာတွေ အသံကောင်းတာတွေကို အဓိကမထားပဲနဲ့ တရားစစ်စစ်ကိုပဲ နှလုံးသွင်းပြီး ကျင့်ကြံအားထုတ်ဖို့ တိုက်တွန်းလိုပါတယ်။ ဒီအချက်လေးကို ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးရဲ့ ဆုံးမစကားလေးနဲ့ နိဂုံးချုပ်ပေးလိုက်ပါတယ်…။
 
တရားစစ်မှန် ကျင့်ကြံမှန်မှ
ချမ်းသာသုခ ရနိုင်သည်၊
တရားတုတွေ ကျင့်နေကြလို့
ဗုဒ္ဓ၀ါဒ ပြယ်ရသည်၊
ယခုမြန်မြန် အမှန်လမ်းသို့
တစ်ဖန်လှမ်းဘို့ ချိန်တော်ပြီ၊
သို့မှတိုင်းပြည် ဘာသာရေးကြောင့်
သာယာအေးဆေး ရှိလိမ့်မည်။

မြန်မာပြည်မှမြန်မာလူမျိုး - မှ ကူယူဖော်ပြပါသည်.
 
                     မေတ္တာဖြင့်.. ကိုမျိုး ( မိုးညှင်း ) 

No comments:

Post a Comment